• 15. မေးခွန်းသုံးခု(၁)
  • 14. တို့ဇာနည် ရွှေပြည်သားတို့ရေ...
  • 13. It's Ok
  • 12. အဖေ
  • 11. ထူးမခြားနား ... သင်္ကြန်
  • 10. ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ သိရှိထား
    ရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
  • 9. နေ့တနေ့ရဲ့ … ည
  • မေးခွန်းသုံးခု(၁)
    တစ်ခါသော် ဘုရင်တစ်ပါးသည် အမှတ်မထင် ဤကဲ့သို့ထင်မြင် စဉ်းစားမိသည်။ မည်သည့်အလုပ်ကိုပဲ လုပ်လုပ်စ၍လုပ်သင့်သည့် အချိန်ကောင်းကို အမြဲတစေ သူ့ အနေဖြင့် မည်သည့်လူစားမျိုး၏ စကားကိုနားထောင်ပြီး မည်သည့် လူစားမျိုးအား ရှောင်ကြဉ်ရမည်ကို ထို့ပြင်လည်း မည်သည့်အလုပ်သည် သူလုပ်သင့်လုပ်ထိုက်သည့် အရေးအကြီးဆုံး အလုပ်ဟူသည်ကို ကြို၍သိရလျှင် မည်မျှကောင်းပါမည်နည်း။ စသည် စသည်ဖြင့် ဆင်ခြင်စဉ်းစားမိခြင်း ဖြစ်၏။ အကယ်၍သာ သူသည် ယခုစဉ်း စားမိသည့်အချက်များကို ကြို၍သိထားရပါမူ သူဆောင်ရွက်သမျှ လုပ်ငန်းအားလုံး ဆုံးရှုံးဖို့မရှိ ဟုလည်း တွေးမိသည်။
    ဤအတွေးများကြောင့် ဘုရင်သည် သူ့တိုင်းပြည်တစ်ဝန်းလုံးရှိ လူအများကြားသိ အောင် ကြေညာခြင်းပြုသည်။ အလုပ်တိုင်းအတွက် လုပ်သင့်သော အချိန်သည် ဘယ်အချိန်လဲ။ အလိုအပ်ဆုံးသော လူများသည် ဘယ်လိုလူစားတွေလဲ။ အရေးကြီး ဆုံးသောအလုပ် ဘယ်အလုပ်ဖြစ်သည်ကို ဘယ်လိုနည်းနှင့် သိနိုင်မလဲ၊ ဟူသော အချက်သုံးချက်ကို ဘုရင်မင်းမြတ် သိမြင်နားလည်အောင် ဖြေကြားနိုင်ပါက မည်သူ့ ကိုမဆို ဆုတော်ငွေ အများအပြား ချီးမြှင့်မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
    ပညာရှိ အများအပြားသည် ဘုရင့်ရှေ့မှောက် ရောက်လာကြသည်။ ဘုရင်၏ မေးခွန်း များအတွက် အဖြေများ ပေးကြသည်။ သို့သော်လည်း သူတို့ဖြေဆိုသမျှ အားလုံး တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားလျက်ရှိ၏။
    ပထမမေးခွန်းနှင့် ပတ်သက်၍ အချို့က အလုပ်တိုင်းအတွက် အချိန်ကောင်းသိရှိရန် မှာ လူတစ်ယောက်အနေဖြင့် အစီအစဉ်ကို ကြိုတင်၍ ရေးဆွဲထားရမည်ဟု ပြော ကြသည်။ အစီအစဉ်တွင် ရက်များ၊ လများနှင့် နှစ်များ အလိုက် စနစ်တကျ ဇယား ရေးဆွဲထားရှိပြီး ယင်းအချိန်ဇယားအတိုင်း ဆောင်ရွက်လုပ်ကိုင်သွားရမည်ဟု ဆို ကြသည်။ သို့မှသာလျှင် အရာရာတိုင်းသည် သင့်တော်သော အချိန်တွင် ပြီးပြတ်သွား နိုင်မည်ဟု သူတို့က ယူဆကြသည်။
    အချို့ကမူ အလုပ်တိုင်းအတွက် အချိန်ကောင်းကို ကြိုတင်၍ တွက်ဆ သတ်မှတ်ရန် မှာ မဖြစ်နိုင်ဟု ဆိုကြသည်။ သို့သော်လည်း သူတို့က လူတစ်ယောက်သည် အတိတ် ကပြီးခဲ့သမျှအရာများအပေါ် အာရုံစူးစိုက်ပြီး အချိန်မဖြုန်းသင့်။ လူတစ်ယောက်အနေ ဖြင့် လတ်တလော ဖြစ်ပေါ်နေသည့် ပစ္စုပ္ပန် ကိစ္စများတွင် အာရုံထားပြီး အလိုအပ်ဆုံး သော အရာကိုသာ ရွေးချယ်၍ လုပ်သင့်သည်ဟု ပြောကြသည်။
    အခြားလူများကမူ ဘုရင်အနေဖြင့် လတ်တလော အလုပ်များအပေါ် မည်မျှပင် အာရုံ စိုက်နေစေကာမူ အလုပ်ကိုလုပ်ဖို့အတွက် အချိန်မှန် အချိန်ကောင်း ရွေးချယ်သတ် မှတ်ရန်မှာမူ တစ်ယောက်တည်းနှင့် မဖြစ်နိုင်ဟု ပြောကြသည်။ သို့ဖြစ်၍ ဘုရင်မင်းမြတ် တွင် အလုပ်တိုင်းအတွက် အချိန်ကောင်းရွေးချယ်ရေးအတွက် ပညာရှိများ ပါဝင်ဖွဲ့စည်းထားသော ကောင်စီတရပ် ရှိသင့်သည်ဟု အကြံပြုကြ၏။
    သို့သော်လည်း ယင်းအကြုံပြုချက်ကို ဆန့်ကျင်၍ ပြောသူများလည်း ရှိသည်။ ထိုလူစုကမူ အချို့ကိစ္စရပ်များမှာ ကောင်စီ၏ ရှေ့မှောက်တင်ပြပြီး စောင့်နေ၍ မဖြစ်နိုင်ကြောင်း၊ ထိုအလုပ်ကို လုပ်မလား မလုပ်ဘူးလား ဟု ချက်ချင်း ဆုံးဖြတ်ပေးရမည့် အခြေအနေမျိုး ရှိကြောင်း၊ သို့တစေလည်း ယင်းကိစ္စကို ဆုံးဖြတ်ရာ၌ ဘာတွေဖြစ်လာမည်ကို ကြိုတင်၍ ခန့်မှန်းသိရှိထားရမည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲပေါ်လာမည့် ဖြစ်ရပ်များကို ကြိုတင်သိထားနိုင်ရန်မှာလည်း မလွယ်လှကြောင်း၊ ယင်းကဲ့သို့ သိနိုင်မည့်လူမှာ မှော်ဆရာများသာရှိကြောင်း၊ ထို့ကြောင့် အလုပ်တိုင်းအတွက် အချိန်ကောင်းကိုသိလိုလျှင် မှော်ဆရာများနှင့်သာ တိုင်ပင်ရမည်ဖြစ်ကြောင်း တင်ပြကြသည်။
    ပထမမေးခွန်းကဲ့သို့ပင် ဒုတိယမေးခွန်းအတွက် ပေးလာကြသည့် အဖြေများမှာလည်း အမျိုးမျိုး ကွဲပြားခြားနားလျက်ရှိ၏။ အချို့က ဘုရင့်အတွက် အလိုအပ်ဆုံးသော အတိုင်ပင်ခံများသည် ၀န်ကြီးများဟု ပြောကြသည်။ အချို့ကမူ ဘုန်းတော်ကြီးများဟု လည်းကောင်း၊ အချို့က ဆရာဝန်ကြီးများဟု လည်းကောင်း ဆိုကြသည်။ လူတချို့ကမူ စစ်သည်တော်များသည်သာလျှင် အလိုအပ်ဆုံးဟု ယူဆကြသည်။
    တတိယမေးခွန်းမှာ မည်သည့်အလုပ်သည် အရေးကြီးဆုံးလဲ ဟူသော မေးခွန်းဖြစ်၏။ အချို့က ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော အလုပ်သည် သိပ္ပံဆိုင်ရာ အလုပ်ဟု ပြောကြပြီး အချို့က စစ်အတတ်ကျွမ်းကျင်မှုဟု ဆိုကြသည်။ အချို့ကမူ ဘာသာရေး လုပ်ငန်းဟု တင်ပြကြသည်။
    အဖြေအားလုံး ကွဲပြားခြားနားလျက်ရှိသဖြင့် ဘုရင်သည် မည်သည့်အဖြေကိုမှ သဘောမကျ၊ လက်မခံနိုင်။ မည်သူ့ကိုမှ ဆုငွေလည်း မပေး။ သို့သော်လည်း သူ့အနေဖြင့် သူ့မေးခွန်းများအတွက် အဖြေမှန်များ ရချင်နေဆဲ ဖြစ်၏။ ထို့ကြောင့်လည်း သူသည် ပညာဥာဏ်ကြီးမားသည်ဟု ထင်ရှားကျော်ကြားနေသော ရသေ့ကြီးတစ်ပါးထံ ချဉ်းကပ်၍ မေးရန်ဆုံးဖြတ်သည်။
    ရသေ့ကြီးသည် တောထဲ၌နေသည်။ သူသည် ထိုတောထဲမှ ဘယ်ကိုမှမသွား။ သာမာန် အရပ်သူ အရပ်သား ဆင်းရဲသားများမှတစ်ပါး အခြားမည်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်းလည်း မပြု။ ထို့ကြောင့် ဘုရင်သည် သာမာန်အရပ်သား တစ်ယောက်သဖွယ် နွမ်းနွမ်းဖတ်ဖတ်အ၀တ်များကို ၀တ်၍ မြင်းနှင့် ထွက်လာခဲ့သည်။ ရသေ့ကြီး၏ ကျောင်းသင်္ခမ်းသို့ ရောက်ခါနီးတွင် မြင်းပေါ်မှဆင်း၍ သူ့သက်တော်စောင့်နှင့် မြင်းကို ထားခဲ့ပြီး ရသေ့ကြီးထံ တစ်ယောက်တည်း သွားသည်။
    ဘုရင်ရောက်သွားချိန်တွင် ရသေ့ကြီးသည် သူ့ကျောင်းရှေ့မှ မြေကြီးကို တူရွင်းတစ်ချောင်းဖြင့် တူးဆွနေခိုက်ဖြစ်သည်။ ဘုရင်ကိုမြင်သည့်အခါ ရသေ့ကြီးက လှမ်းနှုတ်ဆက်ပြီး မြေကြီးကို တူးမြဲတိုင်း ဆက်တူးနေသည်။ ရသေ့ကြီးမှာ အလွန်နုနယ်ပြီး အားအင်ကုန်ခန်းနေသူ ဖြစ်လေရာ မြေကြီးထဲသို့ တူရွင်းတစ်ချက် ချလိုက်တိုင်း မြေအနည်းငယ်မျှသာရသည်။
    ဘုရင်သည် ရသေ့ကြီး ရှေ့သို့သွားကာ နှုတ်ဆက်စကားပြောသည်။
    ‘အို … ပညာရှိရသေ့ကြီး၊ တပည့်တော် ရသေ့ကြီးထံလာခြင်းမှာ မေးခွန်းသုံးခုအတွက် အဖြေများရချင်လို့ ဖြစ်ပါတယ်၊ တပည်တော်အနေနဲ့ မှန်ကန်တဲ့ အလုပ်တစ်ခုကို မှန်ကန်တဲ့အချိန်မှာ လုပ်ဖို့အတွက် ဘယ်လိုနည်းနဲ့ သိနိုင်ပါမလဲ၊ တပည့်တော်အတွက် အလိုအပ်ဆုံး လူတွေဟာ ဘယ်သူတွေပါလဲ၊ ပြီးတော့ တပည့်တော် ဦးစားပေးသင့်တဲ့ အရေးကြီးဆုံး ကိစ္စတွေဟာ ဘာတွေပါလဲ’ ဟု မေးသည်။
    ရသေ့ကြီးသည် ဘုရင်ပြောသမျှကို နားထောင်နေသော်လည်း အဖြေတော့ မပေးချေ။ သူသည် သူ့လက်ဖ၀ါးထဲသို့ တံတွေးထွေးထည့်လိုက်ပြီး မြေကြီးကို ဆက်တူးသည်။
    ‘ရသေ့ကြီး အတော်မောနေပြီပဲ’ ဟု ဘုရင်က ပြောသည်။ ‘တပည့်တော်ကို တူရွင်းပေးပြီး ခဏနားပါ၊ တပည့်တော် တူးပေးပါရစေ’
    ‘ကျေးဇူးတင်တယ်’ ဟု ရသေ့ကြီးက ပြောကာ တူရွင်းကို ဘုရင်အားပေးပြီး မြေကြီးပေါ်၌ ထိုင်နားသည်။ ဘုရင်သည် မြေနှစ်ကွက်မျှ တူးအပြီးတွင် ခဏမျှရပ်နားကာ မေးခွန်းသုံးခုကို မေးပြန်သည်။ ရသေ့ကြီးက အဖြေမပေး။ ထိုင်နေရာမှထကာ သူ့လက်ကို ကမ်း၍ တူရွင်းကို ယူသည်။
    ‘သင် … ခဏနားဦး၊ ကျွန်ုပ် တူးဦးမယ်’ ဟု ရသေ့ကြီးက ပြောသည်။
    သို့သော်လည်း ဘုရင်က တူရွင်းကို မပေးဘဲ ဆက်တူးနေသည်။ ဤသို့ဖြင့် အချိန်တစ်နာရီ ကုန်သွားသည်။ ထို့နောက် နောက်ထပ်တစ်နာရီခန့် ကုန်သွားပြန်၏။ နေသည် တောအုပ်တွင်းရှိ သစ်ပင်ကြီးများ၏နောက်သို့ လျှောဆင်းသွားလေပြီ။ နောက်ဆုံးတွင် ဘုရင်သည် လက်ထဲမှ တူရွင်းကို မြေပြင်ထက်၌ စိုက်ထားလိုက်ပြီး ရသေ့ကြီးအား စကားပြောသည်။
    ‘တပည့်တော် အရှင့်ထံလာတာဟာ မေးခွန်းသုံးခုအတွက် အဖြေလိုချင်လို့ပါ၊ တကယ်လို့ ရသေ့ကြီးအနေနဲ့ အဖြေမပေးနိုင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ၊ တပည့်တော် ပြန်ပါ့မယ်’
    ‘ဟော … ဟိုမှာ လူတစ်ယောက် ပြေးလာနေတယ်’ ဟု ရသေ့ကြီးက ပြောသည်။ ‘ဘယ်သူလဲဆိုတာ ကြည့်ကြဦးစို့’
    ဆက်ရန်...
    Date: 1-5-08
    တို့ဇာနည် ရွှေပြည်သားတို့ရေ...
    မွေးဌာနီ ရွှေပြည်ကြီးမှာတော့
    ဝေးကာနေ ဒီမိုကရေစီနှင့်
    မနှေးမီအောင် ကြိုးစားကြပါစို့
    တို့ဇာနည် ရွှေပြည်သားတို့ရေ...
    မွေးဌာနီ ရွှေပြည်ကြီးမှာတော့
    စစ်အာဏာ ထာဝစဉ်မြဲအောင်လို့
    ကြံဆောင်နေ အာဏာရှုးတွေကြောင့်
    တို့ရွှေပြည် ရေစုန်မျောတော့မယ်
    တို့ဇာနည် ရွှေပြည်သားတို့ရေ...
    မွေးဌာနီ ရွှေပြည်ကြီးမှာတော့
    အတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို
    စစ်မှန်အောင် အာဏာရှုးတွေက
    မနှေးအမြန် ကြံစည်နေကြတယ်
    တို့ဇာနည် ရွှေပြည်သားတို့ရေ...
    မွေးဌာနီ ရွှေပြည်ကြီးမှာတော့
    ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုဖြင့်
    အကြံအစည် အထောင်အသောင်းနဲ့
    အာဏာရှင် စစ်ဘီလူးတွေက
    မေ ၁၀ မှာ အပီကြံတော့မယ်
    တို့ဇာနည် ရွှေပြည်သားတို့ရေ...
    မွေးဌာနီ ရွှေပြည်ကြီးမှာတော့
    စစ်အာဏာရှင် ဒီစနစ်ဆိုးကိုဖြင့်
    တို့တိုင်းပြည် ရွှေပြည်သားတွေက
    ဆန့်ကျင်မှာ အမှန်ဖြစ်တာမို့
    တို့ပြည်သူ့ဆန္ဒအမှန်ကို
    မေ ၁၀ မှာ ပြကြပါစို့
    တို့ဇာနည် ရွှေပြည်သားတို့ရေ...။
    PKU
    Date: 23-4-08
    It's Ok
    ကဲ…နားထောင်လိုက်ပါဦး…ကိုကို..မောင်မောင်တို့…
    Date: 21-4-08
    အဖေ
    ကျွန်တော်
    ၅နှစ်… ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။
    ၆နှစ်… ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
    ၈နှစ်… တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
    ၁၀နှစ်… အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့ကတခြားစီပဲ။
    ၁၂နှစ်… အင်း အဲဒါတော့ အဖေလည်းဘယ်သိပါ့မလဲ ၊ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
    ၁၄နှစ်… အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးးသမားကြီး။
    ၂၁နှစ်… အဘိုးကြီးလား…ထားပါ ၊ အောက်နေပြီ ၊ လုံးဝအောက်နေပြီ။
    ၂၅နှစ်… အဖေလည်း နည်းနည်းပါးပါးတော့ သိတယ် ၊ မသိလို့လည်း မဖြစ်ဘူးလေ ၊ လူကြီးပဲဟာ။
    ၃၀နှစ်… အဖေကိုနည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ် ၊ ဘာပဲပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်။
    ၃၅နှစ်… အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက်ငါတစ်ခုခုလုပ်နိုင်မယ်။
    ၄၀နှစ်… အဖေသာဆိုရင် ဒီကိစ္စ ဘယ်လို ဖြေရှင်းမလဲ မသိဘူး ၊ အဖေက အတွေ့အကြုံ စုံတယ် ၊ အမြော်အမြင်လည်း ရှိတယ်။
    ၅၀နှစ်… ဒီကိစ္စအခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆိုငါ အဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
    [မူရင်း။ ။ Ann Landers ၏ My Father When I Was…]
    နှလုံးသားအဟာရ စာအုပ်မှ….ဒီစာအုပ်ကိုစာရေးဆရာကြီး 'ဖေမြင့်' ဘာသာပြန်ထားခြင်းဖြစ်ပါသည်။
    မှတ်ချက်။.….။ ဒီစာသားကို ကျနော် နှလုံးသားအဟာရ စာအုပ်ဖတ်မိကတည်းက သဘောကျမိပါသည်… ကျနော်အရင်ရက်တွေတုန်း ဘလော့တွေလျှောက်လည်တုန်း ဒီပို့စ်လေးကို တင်ပေးထားတဲ့ "ညမီးအိမ် ကို ရောက်သွားခဲ့ပါတယ်။ အဲဒါကို ပြန်ကူးပြီးတင်ချင်တဲ့အတွက် ညမီးအိမ်ကို ခွင့်တောင်းပြီး တင်ထားတာဖြစ်ပါကြောင်း… အခုလိုတင်ခွင့်ပြုတဲ့အတွက်လည်း ညမီးအိမ် ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…
    Date: 21-4-08
    ထူးမခြားနား … သင်္ကြန်
    ဒီနှစ်လည်း သင်္ကြန်တွင်း
    ပြည်တွင်းမှာ မရှိဘူး၊
    မနှစ်ကအတိုင်း….။
    ဒီနှစ်လည်း သင်္ကြန်တွင်း
    သင်္ကြန်းသီချင်း ကောင်းကောင်းလေးတွေ သိပ်မရှိဘူး၊
    မနှစ်ကအတိုင်း….။
    ဒီနှစ်လည်း သင်္ကြန်တွင်း
    လည်စရာ ရေတံခွန်နဲ့ ရေပူစမ်း၊
    မနှစ်ကအတိုင်း….။
    ဒီနှစ်လည်း သင်္ကြန်တွင်း
    ချစ်တဲ့သူလေး အနားမှာမရှိဘူး၊
    မနှစ်ကအတိုင်း….။
    PKU
    Date: 11-4-08
    ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍
    သိရှိထားရမည့်အချက်များနှင့် လုပ်ဆောင်ရမည့်အချက်များ
    ၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို (၇)ရက် ကြိုတင် ကြေညာရမည် ဖြစ်ပါသည်။
    ၂။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းတွင် မိမိတို့၏ အမည် ပါ/ မပါ ကြိုတင်လေ့လာရပါမည်။
    (က) မပါလျှင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်သို့ တင်ပြနိုင်သည်။
    (ခ) ဖြစ်နိုင်လျှင် သေဆုံး/ပြောင်းရွှေ့သွားသော ဆန္ဒမဲပေးသူများစာရင်းကို ကြိုတင်ပြုစုထားပါ။
    ၃။ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်ခြင်း ရှိ / မရှိ ဂရုစိုက်ပါ။
    ၄။ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်နှင့် အခြားပစ္စည်း တစ်စုံတစ်ရာ မရှိကြောင်း (၅)ဦးထက်မနည်း မဲပေးခွင့်ရှိသူများအား ပြသရမည်။ မဲပုံးကို လုံခြုံစွာ ပိတ်ခြင်း ရှိ / မရှိ စစ်ဆေးကြည့်ရှု့ပါ။
    ၅။ ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ် ပါ / မပါ စစ်ဆေးပါ။ ယင်းအမှတ်အသားနှင့် လက်မှတ် မပါလျှင် ပယ်မဲ ဖြစ်လိမ့်မည်။
    ၆။ လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟု ယူဆလျှင် ဆန္ဒမဲလက်မှတ်ကို ပြန်လည်လဲလှယ်ပေးရန် တောင်းဆိုပါ။
    ၇။ ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင် အမှန် ( ) အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်လျှင် ကြက်ခြေခတ် ( ) အမှတ်အသားကိုလည်းကောင်း ရေးသားဖော်ပြရမည် ဖြစ်သည်။ (မိမိ၏ လွတ်လပ်သောဆန္ဒအရ ကန့်ကွက်ကြောင်း ကြက်ခြေခတ် ( ) ခြင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် လုံးဝ ငြိစွန်းခြင်း မရှိပါ)။
    ၈။ ပယ်မဲ မဖြစ်စေရန် သတိပြုပါ၊ သတ်မှတ်ထားသည့် အမှတ်အသားမပါသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒမဲလက်မှတ်အတုဖြစ်ကြောင်း မဲရုံအဖွဲ့က စိစစ်ဆုံးဖြတ်ထားသည့် လက်မှတ်နှင့် တစ်နည်းနည်းဖြင့် ပျက်ဆီး၍ မဲပုံးထဲထည့်ထားသည့် ဆန္ဒမဲလက်မှတ်တို့သည် ပယ်မဲဖြစ်သည်။
    ၉။ လျှို့ဝှက်ဆန္ဒပြုပြီးနောက် အများမြင်သာသောနေရာတွင် ထားရှိသည့် မဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်ကို ထည့်ပါ။
    ၁၀။ ကိုယ်စားလှယ်အဖြစ် မဲပေးခွင့်မရှိပါ။ မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါ မသန်မစွမ်းသူများ မဲပေးရာတွင် လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေပဲ မဲရုံအဖွဲ့က ကူညီခြင်း ဟုတ် / မဟုတ် စောင့်ကြည့်ပါ။
    ၁၁။ ဆန္ဒမဲပေးချိန်မှာ နံနက် (၆)နာရီမှ ညနေ (၄)နာရီအထိ ဖြစ်သည်။
    ၁၂။ မဲရုံမပိတ်မီ မဲရုံပရ၀ဏ်အတွင်း ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရသေးသူများ ရှိပါက၊ ထိုသူများအား ဆန္ဒမဲပေးချိန် (၄)နာရီ ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲပေးခွင့် ပြုရမည် ဖြစ်သည်။
    ၁၃။ မဲရုံပိတ်ချိန်၍ (၁၀)ထက်မနည်းသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း၌ ပါဝင်နိုင်ရန် ကြိုးပမ်းပါ။
    ၁၄။ (က) မဲပုံးကို စစ်ဆေးခြင်း၊ မဲပုံးကိုဖွင့်ပြီး ဆန္ဒမဲများ ရေတွက်ခြင်း တို့ကို ကြည့်ရှု့ပါ။
    (ခ) ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြား၍ ရေတွက်ခြင်းနှင့် စာရင်းပြုစုခြင်း တို့ကို ကြည့်ရှု့မှတ်သားပါ။
    (ဂ) ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲနှင့် လက်ကျန်ဆန္ဒမဲများကို တစ်ထုတ်စီ လုံခြုံစွာ ထုတ်ပိုးခြင်းတို့ကို လေ့လာမှတ်သားပါ။
    ၁၅။ ကြိုတင်ဆန္ဒမဲပေးသူသည်လည်း အလားတူပင်ဖြစ်သည်။ ကြိုတင်၍ ဆန္ဒပြုပြီးနောက်စာအိတ်ကို အလုံပိတ်၍ ချက်ခြင်း ပြန်အပ်ပါ။
    ၁၆။ အထက်ပါအချက်များကို တစ်ဦးဦးကဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုခုကဖြစ်စေ၊ ချိုးဖေါက်ပါက မဲရုံမှူးထံ နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ တရားဝင် ချက်ခြင်းကန့်ကွက်ပါ။ (စာဖြင့် ကန့်ကွက်နိုင်လျှင် ပိုကောင်းပါသည်။)
    ၁၇။ ဤအချက်များကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ နားလည်သဘောပေါက်အောင် အဆင့်ဆင့် ရှင်းလင်းဆွေးနွေးပါ။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    Date: 8-4-08
    နေ့တနေ့ရဲ့ … ည
    ညအမှောင်
    ကြယ်ရောင်က မလင်း
    လက်ထဲမှာ ဆေးလိပ်တိုနဲ့
    တစ်ယောက်ထဲ… ငါ
    ဆွေး…ကောင်းနေတုန်း
    ရှေ့နားက အိမ်နီးချင်းက
    “၀ုတ်…၀ုတ်…၀ုတ်”
    လှမ်းနှုတ်ဆက်တယ်
    ဆွေး…စိတ်တွေပျောက်…။ ။
    PKU
    Date: 7-4-08
    About Me
    ကျနော်ကတောကျနော်ပါပဲ။
    ကျနော်ဆိုမှတော့ ယောက်ျားလေးပေါ့။ ဒါပေမယ့် မိန်းကလေးတွေရှိတာပါပဲ။ ထားပါတော့....
    ဒီမှာ ကျနော်
    ဖတ်မိဖတ်ရာ လေးတွေ လျှောက်တင်ထားပါတယ်။
    Link
    ပြောလိုက်ကြစို့ ထွေရာလေးပါး
    သီချင်းစာသားများ